ဘဝက အရင်ကထက် ခက်ခဲလာပြီ ရေရာသေချာမှုတွေက ပျောက်ဆုံးလာပြီဆိုရင် လူဆိုတာအားကိုးရှာကြတာပါပဲ။ Bank Account ထဲကငွေတွေနဲလာပြီဆိုရင် သုံးစရာတွေက စျေးတက်ပြီး အရင်ကလောက်မဝယ်နိုင် မလောက်ငှဖြစ်လာပြီဆိုရင် နေမထိထိုင်မသာဖြစ်ပြီး ဘယ်နည်းနဲ့ပိုက်ဆံရှာရမလဲလို့တွေးပူလာတတ်တာ လူ့သဘောသဘာဝပါပဲ။ ရှေးခေတ်တွေထဲကလဲ အစာရေဆာ ရှားပါးလာရင် လူတွေက နေရာဒေသပြောင်းဖို့စဉ်းစားကြတယ် ရေကြည်ရာ မြက်နှရာကို ပြောင်းနေကြတာပဲမဟုတ်လား?
ဒီလိုရှာကြရာကနေ Business အသစ်တွေဆိုတာပေါ်ပေါက်လာတာပဲ။ မီးမလာတော့ မီးစက်၊ ဆီမရတော့ solar စသည်ဖြင့်ပေါ်လာကြတာပါပဲ။ ဒီလိုပဲ ကျနော်တို့နိုင်ငံက လူတွေက အဆင်မပြေမှုတွေဖြစ်လာရင် ငါတို့လိုနေတာပညာရေးလို့ သိထားကြတော့ တစ်ခုခုဆို ငါ့ဘဝရဲ့ ပြဿနာတွေဖြေရှင်းဖို့ ဘာသင်တန်းတွေတက်ရမလဲ လိုက်ရှာကြတယ်။ သင်တန်းတက်ပြီးသူတွေကြည့်လိုက်ရင်လဲ ဘဝက ပြေလည်သွားသလိုရှိတာကိုး။ တစ်ဆက်တည်းမှာပဲ လူငယ်တွေကလဲ ပျော်ရမယ့်အချိန်မှာ စိတ်ပူစရာတွေ စိတ်ညစ်စရာတွေများတော့ အိပ်နေတဲ့ကလေးကို နှိုးသလို လန့်နိုးပြီး သူတို့လဲ ချက်ခြင်းအောင်မြင်ချမ်းသာချင်လာကြတယ်။
လောဘဆိုတာရှိလာရင် ကိုယ်တိုင်က မုဆိုးကနေ သားကောင်ဖြစ်တော့တာပဲဗျ။ ဒါကြောင့်လဲ အလိမ်ခံရတာတွေ ဂျင်းမိတာတွေကလဲ နေ့တိုင်းလိုကိုကြားနေရတာပေါ့။ နိုင်ငံရေးမတည်ငြိမ်ရင် စီးပွားရေးမတည်ငြိမ်ရင် ငတုံးမုဆိုး တွေအကြိုက်ပေါ့။ မင်းတို့ဒီတိုင်းနေရင် ဘယ်လိုမှအဆင်မပြေနိုင်တော့ဘူး ဒီထက်ပိုကောင်းတာတစ်ခုခုလုပ်ကိုလုပ်မှဖြစ်တော့မယ်ဆိုတဲ့ message တွေပေးလာပြီဆိုရင် သားကောင်တွေကလဲ သိပ်ကိုပျော်ကြတယ်။ ပညာရေးကိုလိုက်စားတာက အမှားတော့မဟုတ်ပါဘူးဗျ။ ပုံမှန်ဆိုဒါက သိပ်ကောင်းတယ်လို့ပြောလို့ရတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ Slef Help နဲ့ Spiritual Industry တွေမှာသေချာကြည့်ကြည့်ရင် အမှန်အကန်က ၁ပဲ အတုအယောင်က ၁ပိဿာလောက်ရှိတယ်။ အားလုံးကိုတော့မဆိုလိုဘူး ဒါပေမယ့် အများစုရဲ့ Business Structure က ဘယ်လိုတည်ဆောက်ထားသလဲ? ဘယ်လိုအလုပ်လုပ်သလဲ? ကောင်းသောပြောင်းလဲမှုတွေ စိတ်ဓါတ်တက်ကြွရေးတွေအပြင်မှာ တခြားရောဘာတွေရောပါနေသလဲ? ဒါတွေကို သေချာအတွင်းကျကျ လိုက်ကြည့်လာရင် “လူသားကင်းခြေများ” Human Centipede ဆိုတဲ့ ရုပ်ရှင်ထဲကလိုဖြစ်နေတယ်။ မရွံတတ်ရင်တော့ ရှာကြည့်ကြည့်ပါ ကျနော်ကတော့ ပုံလေးနဲ့မြင်သာအောင်ပြပေးပါမယ်။
စီးပွားရေးတစ်ခုမှာ ဝင်ငွေစီးဆင်းမှုဆိုတာရှိတယ်ဗျ။ လူတွေရဲ့ energy တွေ resource တွေ ပိုက်ဆံတွေက ဘယ်ဦးတည်ရာကိုစီးဆင်းနေသလဲကြည့်လိုက်ရင် အထက်ကိုပြန်တက်နေတာပဲတွေ့ရတယ်။ အပေါ်ပိုင်းလူတွေက ပိုချမ်းသာတယ်ဆိုပါတော့။
ဥပမာ - spiritual leader က ထိပ်ဆုံးဆိုပါတော့ သူ့အောက်မှာ coach တွေရှိမယ် coach တွေအောက်မှာ facilitators တွေရှိမယ် faccilitator အောက်မှာ program leader ရှိမယ် အဲ့ဒီအောက်ဆုံးမှာမှ တကယ်ပြောင်းလဲမှုကိုလိုချင်တဲ့သူ ( customer ) တွေရှိမယ်။
ပညာရဲ့စီဆင်းပုံကတော့ အထက်ကနေ အောက်ကို အဆင့်ဆင့် စီးဆင်းပေမယ့် ပိုက်ဆံကတော့ အောက်ကနေအထက်ကိုပဲစီဆင်းတယ်။ လူသိများတဲ့ multi level marketing နဲ့လဲပုံစံတူကြပါတယ်။ ပိုက်ဆံကိုထား energy ရောဘယ်နေရာတွေမှာသုံးကြလဲကြည့်တော့။ Spiritual Leader က လူသိများတဲ့အတွက် Marketing , Branding နဲ့ Content တွေလုပ်တယ်။ Coach နဲ့ Facilitator တွေက Sale တို့ client management တို့လုပ်တယ်။ တချို့ leader တွေဆို ပိုက်ဆံတောင်ရတာမဟုတ်ပဲ အထက်ကသူတွေရဲ့ မျက်နှာသာပေးမှုကို ရဖို့ free တောင်လုပ်အားပေးရပါသေးတယ်။ ပြောင်းလဲချင်လို့ပိုက်ဆံပေးတက်တဲ့သူများမှာတော့ နားမလည်တဲ့စကားလုံးအဆန်းတွေ မလုပ်ဖူးတဲ့ အတွေ့အကြုံသစ်တွေကိုလုပ်ရင်း ဒါပြီးနောက်တစ်ခုတက်မှ ပိုနားလည်မယ်ဆိုတဲ့ marketing တွေရဲ့အောက်မှာ ပြောင်းလဲမှု ၁ပဲ ပိုက်ဆံကုန်မှု ၁ပိဿာနဲ့ခရီးဆက်ရရှာတယ်။
ဆရာဖြစ်သူက မချမ်းသာသင့်ဘူးလို့ ကျနော်မဆိုလိုပါဘူး။ဒါပေမယ့် Education ဆိုတဲ့ခေါင်းစဉ်အောက်မှာ ပိုက်ဆံရှာပြီဆိုရင် ဆရာလုပ်သူက နာ ၃ နာ နဲ့ပြည့်စုံဖို့လိုတယ်လို့ ကျနော်ထင်တယ်။
၁.စေတနာ
၂.ဝါသနာ
၃.အနစ်နာ
ဒီ ၃ခုလုံးနဲ့ပြည့်စံမှသာ ဆရာတစ်ယောက်အနေနဲ့ အလုပ်လုပ်သင့်တယ်လို့ထင်တယ််။ အဲ့လိုမှမဟုတ်ပဲ ကိုယ်အဆင်ပြေဖို့အတွက် တခြားသူတွေကို အသုံးချနေရင်တော့ ဒါကိုဆရာကောင်းလို့မဆိုနိုင်ဘူး။ ဆရာတွေအနေနဲ့
ကိုယ့်ရဲ့ ရပ်တည်ချက်ကို ပြန်စစ်ဖို့လိုတယ် - သင်တန်းသင်လိုက်ရင် ပိုက်ဆံရတာတော့ဟုတ်ပေမယ့် ကျောင်းသူကျောင်းသားတွေရဲ့ ရှေ့အနာဂါတ်အတွက် ကိုယ်ယူလိုက်တဲ့ ပိုက်ဆံံံံနဲ့ ကိုယ်ပေးလိုက်တဲ့ပညာက တန်သလား? ကိုယ်တန်ဖိုးထားတာက ပိုက်ဆံလား လူတွေလား? ခုကိုယ်ပေးနဲ့ ပညာရဲ့ အတိမ်အနက်ပေါ်မှာရော စိတ်ကျေနပ်မှုရှိသလား? ကိုယ်အခုသင်ပေးလိုက်တာတွေရဲ့ရေရှည်အကျိုးဆက်ကရော ကောင်းနိုင်သလား? ပိုက်ဆံမျက်နှာတစ်ခုတည်းနဲ့ ကိုယ့်ရဲ့ ရပ်တည်မှုပျောက်ဆုံးသွားရမယ်ဆိုရင် ကောင်းသလား? စတာတွေကို ကိုယ့်ကိုယ်ကိုပြန်မေးဖို့လိုတယ်။
ကိုယ့်ရဲ့ system ထဲမှာ လူတွေရှိဖို့ထက် ရလဒ်ကို ပိုအာရုံစိုက်သင့်တယ် - လူတွေကိုယ့်ရဲ့ sale funnel ထဲမှာရှိဖို့ထက် ကောင်းသောပြောင်းလဲမှုတွေရလာဖို့ ပိုအာရုံစိုက်သင့်တယ်။ ကိုယ့်စီကို လူတွေက ဘာလိုချင်လို့လာတာလဲသေချာသိဖို့လိုတယ်။ သူ့တို့ရဲ့ဘဝမှာ ကိုယ်က ဇတ်ပို့အနေနဲ့ ဘာတာဝန်ယူရမလဲဆိုတာတွေးကြည့်ဖို့လိုတယ်။
ကိုယ်သင်ခဲ့တာတွေထက် ကိုယ့်နည်းလမ်းဆိုတာကိုလဲ တီထွင်သင့်တယ် - ပညာဆိုတာသင်ခဲ့ဖူးတဲ့ စာအုပ်ထဲက နည်းလမ်းတွေတင်မဟုတ်ပဲ ကိုယ်တိုင်လက်တွေ့ကျင့်သုံးပြီး result ထွက်လာတဲ့အခါ ကိုယ့်နည်းကိုယ့်ဟန်ဆိုတဲ့ အလုပ်ဖြစ်တဲ့နည်းလမ်းဆိုတာရှိတယ်။ ဒါကိုတွေ့ဖို့အတွက် ကိုယ်တိုင် practice လုပ်တဲ့အချိန် လက်တွေ့အသုံးချတဲ့ နေရာဆိုတာရှိသင့်တယ်။ Business Consultant ဆိုရင် ကိုယ်တိုင်ကိုက business ၂ခု ၃ခု run နိုင်တာမျိုးဖြစ်နေသင့်တယ်။ ဒါမှလဲလက်တွေ့ experience ဆိုတာရှိဦးမှာကိုး။
သင်တန်းထက် တကယ်ကူညီဖေးမတဲ့ အဖွဲအစည်းတည်ထောင်သင့်တယ် - သင်တန်းလာတက်လိုက်တာနဲ့ အကုန်ပြေလည်သွားတယ်ဆိုတာ မရှိနိုင်ဘူး background ပေါင်းစုံ နေရာပေါင်းစုံက လာတာမို့ သူတို့အဆင်မပြေမှုတွေကို မေးမြန်းလို့ရတဲ့ community ငွေးကြေးမပါပဲ မိတ်ဖွဲလို့ရမယ့် community ရှိကိုရှိသင့်တယ်။ ဒါမှလဲ တကယ်ကောင်းမွန်တဲ့ရလဒ်တွေ ရလာနိုင်တယ်။
သင်တန်းပြီးရင် လက်လွှတ်သင့်တယ် - တစ်သက်လုံး ကျေးဇူးတင်ခံချင်နေတာတို့ အဲ့လူရဲ့ အောင်မြင်မှုနဲ့ marketing ဆင်းနေတာတို့ ကိုယ့်အောက်မှာ ပြန်လုပ်စေချင်တာတို့ လုပ်လို့မရဘူး။ လူတွေမှာ ကိုယ်ပိုင်ဘဝ ကိုယ်ပိုင်လမ်းကြောင်းဆိုတာရှိသင့်တယ်။ ဆရာလို့ ကိုယ့်ကို အသိအမှတ်မပြုတဲ့သူလဲရှိနိုင်တယ် လူသိမခံချင်တာလဲရှိနိုင်တယ် ဒါကြောင့် ကိုယ်က ပညာကို အလကားပေးခဲ့တာလဲမဟုတ်ဘူး ပိုက်ဆံယူခဲ့တာမို့ လူတွေကို အသုံးမချပဲ သင်တန်းပြီးရင် လက်လွတ်တ်ဖို့လုပ်သင့်တယ်။
သင်ယူသူတွေအနေနဲ့လဲ
စဉ်းစားအသိဉာဏ်လေးတော့ယူသွားပါ - ပြောသမျှအရာတိုင်းကိုတန်းယုံတာမျိုးမလုပ်သင့်ပါဘူး။ ကိုယ့်ကိုယ်ကို ပြန်သုံးသက်စဉ်းစားမှုဆိုတာတော့ရှိသင့်တယ်။ marketing တွေရဲ့စကားလုံးတွေကို ဇွတ်ယုံလို့မရဘူး။ လူများတယ်ဆိုတိုင်း သွားတက်နေဖို့မလိုဘူး။ ကိုယ့်ကိုယ်ကို အရင်မေး ငါဒီသင်တန်း ဒီဆရာ ဒီဆရာမစီက ငါဘာလိုချင်တာလဲ ဘာသင်ယူချင်တာလဲ ဒါပြီးရင် ငါဘယ်နေရာမှာအသုံးချမှာလဲ သိပြီဆိုမှသွားတက်။ မဟုတ်ရင် အဲ့ဆရာ ဆရာမ လိုဖြစ်ချင်ပြီးပဲ အဲ့သင်တန်းရဲ့ system ကြီးထဲကိုဝင်သွားလိမ့်မယ်။
မိတ်ဆွေဖြစ်ဖို့ကြိုးစားပါ - ပုံတူ ဘဝကိုယူချင်တဲ့သူထက်၊ အော် ဒီဆရာ ဒီဆရာမစီက အကြံကောင်းတွေရတယ် မိတ်ဆွေတစ်ဦးလိုသဘောထားမယ်ဆိုတာက ကောင်းတယ် အဲ့လိုမဟုတ်ပဲ သူ့စီက ငါသင်ပြီးရင် ငါလဲ သူ့လိုတစ်စဉ်ထောင်မယ်ဆိုတာက ပြိုင်ဘက်သွားလုပ်တာဖြစ်သွားပြီ။ ဒါကမကောင်းဘူးဆိုတာလဲ သိသင့်တယ်။ နောက်ဆုံး ကိုယ်က သူ့လို တစ်စဉ်ထောင်မယ်ဆိုရင်တောင် ခွင့်တောင်းသင့်တယ် ပွင့်ပွင့်လင်းလင်းပြောသင့်တယ်။ ဒါကိုလေးစားမှုရှိတယ်လို့ခေါ်တယ်။
ခေတ်ကောင်းပြီး လာဘ်ရွှင် ငွေဝင်နေတဲ့ခေတ်မှာတော့ လောဘကြောင့် အလိမ်ခံရ ဂျင်းထဲခံရလဲ သိပ်ကိစ္စမရှိပေမယ့် ချွေတာနေရတဲ့ခေတ်ကြီးမှာ ရေနစ်လို့ မြက်တစ်ပင်ကိုဖြစ်ဖြစ် အားကိုးရမလားလို့လာတဲ့သူတွေအပေါ်မှာ ခုလို system ထဲထည့်ဖို့ ကြိုးစားပြီး ငွေရှာဖို့လုပ်တာကိုတော့ ကျနော်အနေနဲ့တော်တော် ရွံရှာမိတာအမှန်ပါပဲ။ မြန်မာလူမျိုးတွေ စာနဲ့ပညာနဲ့ ကိုကွဲစေချင်တယ်။ စာတတ်တိုင်း ပညာမတတ်နိုင်ဘူး။ ပညာရဖို့ အတွေ့အကြုံလိုတယ်။ အတွေ့အကြုံရှိတိုင်းလဲ သင်ပေးတတ်တဲ့သူမဖြစ်နိုင်ပြန်ဘူးဗျ။ ဒါကြောင့် ဆရာလုပ်ရတာ အရမ်းကို ပြည့်စုံနေမှကောင်းတယ်။ ကိုယ်သင်ပေးလိုက်တဲ့လူငယ်တွေက တစ်ချိန်လူကြီးဖြစ်လာမှာ ကိုယ့်မှာ သားသမီးတွေရှိရင် ကိုယ်က အဲ့လိုလူတွေလက်ထဲ ထားခဲ့ရမှာလို့တွေးကြည့်ကြည့် ဒါဆို လူသားကင်ခြေမြားလို တစ်ယောက် ချေး တစ်ယောက် အဆင့်ဆင့်စားခိုင်းနေတဲ့ system ကြီး တည်ဆောက်ချင်စိတ် ပျောက်မသွားတောင် လျော့သွားနိုင်ပါရဲ့ဗျာ။
ကျနော်လဲ ကိုယ်သိကိုယ်တတ် ကိုယ်တွေ့တာလေးတွေကနေ အတွေးတစ်ခုရဖို့ အုတ်တစ်ချပ်သဲတစ်ပွင့် ကူညီဝေမျှခြင်းသာဖြစ်ပါတယ်။ Toxic ဖြစ်နေတဲ့ online business တွေရဲ့ရန်ကကင်းဝေးကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
စေတနာများစွာဖြင့်
လက်ရှိဖြစ်ပျက်နေတဲ့အရာကို တကယ်ကွင်းကွင်းကွက်ကွက် မီးမောင်းထိုးပြီး ပြောပြသွားတာ အတော်ကောင်းပါတယ်။
ကျေးဇူးပါ ဘရိုရေမသိတာ အများကြီးရလိုက်ပါတယ်