စဉ်းစားကြည့် တစ်ခါတစ်ခါ ကျနော်တို့မှာဘာပြဿနာရယ်လို့မှရှိတာမဟုတ်ဘူး။
တစ်ယောက်ယောက်က ကိုယ့်မှာမရှိတဲ့ ဘဝ ကိုယ်မှာမရှိတဲ့ အနေအထား ကိုယ့်မှာမရှိတဲ့ ငွေကြေးကိုယ်မှာမရှိတဲ့ ပစ္စည်ဥစ္စာတွေရှိတယ်ဆိုတာမြင်လာတဲ့အခါ ကျနော်တို့မှာ မပြည်စုံခြင်းဆိုတဲ့ဝေဒနာစပြီးခံစားလာရပြီဗျ။ မရှိတဲ့အရာတွေကိုသိခြင်းက ပြဿနာအသစ်ဖြစ်လာတော့တာပဲ။
ဒါကြောင့်ရှေးလူကြီးတွေက Comparison is thief of joy လို့ပြောခဲ့တာနေမယ်။ သူများနဲ့သွားနှိုင်းယှဉ်ရင် စိတ်ညစ်ရတော့တာပဲ။ မရှိတဲ့အရာတွေက တစေ တစ်ကောင်လိုကိုယ့်နောက်ကိုလိုက်ပြီးနှောက်ယှက်နေတာကိုခံရတော့တာပဲ။
မနေ့က ညက မပြီးဆုံးသေးတဲ့ podcast ကိုကြည့်မယ်ဆိုပြီး youtube ဖွင့်လိုက်တယ်။ ပထမဆုံးပေါ်လာတဲ့ထိပ်ဆုံးမှာ ကျနော်ကြည့်ချင်တဲ့ video အစား စိတ်ဝင်စားဖို့ကောင်းတဲ့အရာတစ်ခုတွေ့တယ်။ အကြည်ရောင်လေးဗျ keyboard မှာ screen သေးသေးလေးပါပြီး ခေါက်သိမ်းလို့လဲရတယ်။ ဘာလေးလဲပေါ့.. ကျနော်အာရုံကိုဖမ်းစားတာနဲ့ အဲ့ video ကို click နှိပ်ကြည့်လိုက်တယ်။
ထုံးစံအတိုင်း youtuber တွေက intro မှာ လျှာရှည်တော့ ရစ်ကြည့်လိုက်သေးတယ်။ ကျနော်ကြည့်ချင်တဲ့ အကြည်ရောင်စက်လေးမလာခင်မှာ သူကလဲ programmer သမား IT နဲ့အလုပ်လုပ်တယ်ဆိုတာသိလိုက်ရတယ်။ အမယ်သူက ထူးထူးဆန်းဆန်း နောက်ဆုံးပေါ်ဖုန်းတွေကိုင်မယ့်အစား လွန်ခဲ့တဲ့ ၈ နှစ်ကျော်လောက်ကထွက်တဲ့ ဖုန်းတစ်လုံးကိုသုံးနေတယ်။ ဘာလို့သုံးလဲဆိုတော့ andriod ကိုမှ keyboard ပါတဲ့ဖုန်းလေး blackberry ကထွက်ခဲ့တာလေးကိုကိုင်နေတာ။
သူကသုံးပြတယ် တော်တော်လေးကိုအဆင်ပြေပြေ သုံးပြတော့ ကျနော်လဲလိုချင်လာတယ်။ ဖုန်းအဟောင်းဆိုဘာမှလဲစျေးမရှိလောက်ဘူးဆိုပြီး အဲ့ဖုန်းကိုလိုက်ရှာတယ်။ တွေ့တယ်။ Blackberry Key 2 တဲ့ မိုက်တယ်ပေါ့် ဝယ်ရမလားဆိုပြီးတွေးဖြစ်သွားတယ်။ ပြီးမှသတိရတယ် ငါ့မှာ software တွေစမ်းဖို့ဝယ်ထားတဲ့ Android ဖုန်းတစ်လုံးရှိသားဟ keyboard မပါလဲ ငါ့ဟာငါသုံးလို့ရနေတာပဲ။ နေဦး ငါ video ကြည့်တာ ဒါကိုသဘောကျလို့မဟုတ်ဘူးဆိုပြီး video ကိုပြန်ရောက်သွားတယ်။
တွေ့ပါပြီ ကျနော်ကြည့်ချင်နေတဲ့ အကြည်ရောင် စက်ကလေး။ အမယ်သူက ခေါင်းအုံးအောက်မှာထားထားတာ။ ဘာလို့လဲဆိုတော့ အိမ်မက်တွေအကြောင်း သူ့အတွေးတွေအကြောင်းကို ရေးမှာမို့လို့တဲ့။ ကျနော်စဉ်းစားတယ် ဟုတ်တယ်ဟ ငါ့မှာ ငါ့အိမ်မက်မက်တဲ့ဟာတွေ အတွေးအတွေကိုချရေးဖို့အဲ့ဒါလေးမရှိသေးဘူး။ သူပြတာကိုလဲတော်တော်ကြိုက်နေပြီ စက်နာမည်ပြောသွားတာလဲနားမလည်ဘူးဆိုတော့ subtitle ဖွင့်ပြီး 3 ခါလောက်ပြန်ကြည့်တယ်။ သိရပြီ စက်နာမည် Pomera DM 250။ လာစမ်း အဲ့ဒါဘယ်လောက်ဖြစ်ဖြစ် ငါဝယ်မယ် ဒီလောက်မိုက်တဲ့စက်ကလေး ငါတော့ရပြီိဆိုပြီး သဲကြီးမဲကြီးရှာတယ်။
ဒါပေမယ့် တွေ့လာတွေက မဲမဲကြီးတွေ။ ငါလိုချင်တာက အကြည်ရောင်လေး။ ဘယ်ရောက်နေလဲဆိုပြီးနည်းပေါင်းစုံရှာတယ်။ မတွေ့းဘူး အဲ့ဒါနဲ့ video ကိုပြန်သွား screenshot ရိုက် အဲ့ဒါကို google image search မှာထည့်ပြီးရှာတော့မှ ထွက်လာတယ်။ အဲ့အကြည်လေးက Limited Edition တဲ့ ကမ္ဘာပေါ်မှာအလုံး ၂၀၀ ပဲရှိတာတဲ့။ ဟ မိုက်လှပါလား။ အလုံး ၂၀၀ ပဲရှိတာ ငါလဲစာတွေနေ့တိုင်းရေးနေတာဆိုတော့ ငါ့မှာသာ တစ်လုံးရှိလိုက်ရင်ဖြင့်ဆိုပြီး ဘယ်မှာရမလဲရှာတယ်။ တွေ့တယ် ebay ပေါ်မှာ $1000 တဲ့ ……. အိမ်း အခုစျေးနဲ့ဆို သိန်း ၆၀ ပတ်ချာလည်လောက်ကြီးဆိုတော့ ငါဝယ်လို့ဖြစ်ပါ့မလား? macbook တစ်လုံးနီးနီးစျေးပေးပြီး စာလေးပဲရိုက်လို့ရမှာဆိုတော့ တန်ပါ့မလား?
ဒါနဲ့လက်လျော့လိုက်ပြီလို့မထင်ပါနဲ့ Pomera DM 250 alternative ဆိုပြီးလိုက်ရှာတယ်။ ထပ်တွေ့တယ် Freewriter တဲ့စက်နာမည်က အဲ့လိုအကြည်လေးလဲရှိတယ်။ ဒါပေမယ့် limited edition မို့ကုန်ပြီ။ ဒီတော့ အိမ်မက်ကို နဲနဲလျော့ပြီး အကြည်မဟုတ်လဲ ကိစ္စတော့ မရှိပါဘူးလေ။ ဘာလေးတွေရှိလဲကြည့်တော့ Freewriter Traveller ဆိုတာတွေ့တယ် instock ရှိတယ်။ $500 တဲ့။ အိမ်း… ခုဏထက်တော့ တစ်ဝက်သက်သာတယ် ဒါပေမယ့် ဒီကောင်လဲ စာပဲရိုက်လို့ရမှာ အဲ့ဒါကို ငါ သိန်း ၃၀ လောက်ပေးဝယ်ဖို့တန်ပါ့မလား? စျေးသက်သာတာရှိရင်ရှိနေနိုင်တာပဲဆိုပြီးထပ်ရှာတယ်။
ပိုဆိုးသွားတယ်။ အဲ့လိုစက်နဲ့စာရေးချင်တဲ့သူတွေ ကမ္ဘာပေါ်မှာ အများကြီးပဲရှိတယ်ဆိုတာတွေ့ရတယ်။ စာရေးဆရာတွေလဲ ဒါကိုသုံးကြတယ်။ Reddit မှာ writerdeck ဆိုပြီးတော့ သီးသန့် community တစ်ခုကိုရှိနေတာ။ တွေ့ပါပြီဗျ စက်ပေါင်းစုံ အရောင်ပေါင်းစုံ တံဆိပ်ပေါင်းစုံနဲ့ အကုန်လိုချင်စရာတွေကြီးပဲ။ ရှာပုံတော်မင်းသားကြီး ကျနော်နဲ့ reddit ရဲ့ rabbit hole ထဲရောကပြီဆိုတော့ အကုန်မွှပြီးလိုက်ရှာတယ်။ တော်တော် စိတ်ဝင်စားဖို့ကောင်းတဲ့ setup တွေ့တယ်။ Tulip Computer တဲ့ သူက touch screen လေးကို keyboard နဲ့တွဲသုံးလိုက်ရင်ပြီ။ တော်တော်မိုက်တယ်။ တခြား music နဲ့ဆိုင်တာတွေရော python programming တွေရောရတယ်။ စျေးကလဲ $50 ပဲ။ ဟဟ ဒီတစ်ခါတော့ ငါပိုင်ပြီဆိုပြီး ။ website ကိုသွားတယ် Add to cart နှိပ်တယ် ပြီးတော့မှ out of stock ဖြစ်နေတယ်တဲ့။ Damn ဘာလို့လဲပေါ့။ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်တယ်။
ငါဒီ youtube video ကိုကြည့်လိုက်တဲ့အချိန်ကစပြီးတော့ ဒီ device ကိုသိချင်တဲ့စိတ်နဲ့ ရှာပုံတော်ဖွင့်ခဲ့တာ မိနစ် ၉၀ ကျော်ကြာသွားပြီ။ အဲ့မတိုင်ခင်ထိငါ့မှာ ဘာပြဿနာမှမရှိဘူး။ ဘာလိုချင်စိတ်မှလဲမဖြစ်သလို မရလို့လဲ ဘာမှဖြစ်မနေဘူး။ ငါအခုတော့ ပိုက်ဆံပေးဖို့ထိတောင်လုပ်မိနေပြီပဲ။ ငါတကယ်ရောလိုအပ်လို့လား? ဖုန်းမှာစာရိုက်လဲရတယ်။ ipad မှာရိုက်လဲရတယ်။ macbook မှာ လဲရိုက်လို့ရတယ်။ စိတ်ပါတယ် apple watch မှာလဲရိုက်လို့ရတယ်။ android ဖုန်းမှာလဲရိုက်လို့ရတယ်။ နောက်ဆုံးမရိုက်ချင်ရင်ကွာ Zoom H1n recorder ရှိတယ် ပါးစပ်နဲ့ပြောပြီး အသံသွင်းထား အားရင်ပြန်နားထောင်လို့ရတယ်။ ငါတကယ်တော့ လိုမနေဘူးဆိုတာသဘောပေါက်သွားတယ်။
မိနစ် ၉၀ အတွင်းမှာ ကျနော် မသိခဲ့တဲ့ ကမ္ဘာတစ်ခုကိုရှာတွေ့သွားတယ်။ ဘယ်လိုတည်ဆောက်ပြီး ဘယ်လိုလူတွေဝယ်တယ် ဘယ်လောက် market size ရှိတယ်။ profit margin ရှိပြီးတော့ ဘယ်လောက် creativity ရှိရင် ဘယ်လောက်မြတ်တယ်ဆိုတာပါသိလိုက်ရတာကတော့ အမြတ်အနေနဲ့ကျန်ခဲ့တယ်။ နောက်တစ်ခုအမြတ်ကတော့ ကိုယ့်ရဲ့ behavior ကိုကိုယ်ပြန် reflect လုပ်မိစေတဲ့ အကျင့်လေးက stoicism လေ့လာရင်းနဲ့ မျိုးစေ့ထည့်လာခဲ့တာ အခုတော့ အညွန့်လေးထွက်လာပြီဆိုတာသိလိုက်ရတယ်။
ကျနော်တို့မှာ တကယ်တော့ ပြဿနာရယ်လို့ကြီးကြီးမားမားမရှိကြပါဘူး။ အထူးသဖြင့် အခု ဒီစာကိုမြင်ပြီးဖတ်နေနိုင်တယ်ဆိုရင် ထမင်းလဲစားနေရပြီး အိပ်စရာလဲရှိနေမယ်ဆိုတော့ ထင်သလောက်ဘဝကြီးကဆိုးမနေသေးလောက်ဘူး။ ကျနော်တို့ထက်ခက်ခဲနေတဲ့သူတွေအများကြီးရှိတယ်။
ဖုန်းအသစ်မရလို့ ပိုကောင်းတဲ့ နာရီ ကားအကောင်းစား branded အိတ်တွေမရှိနေလို့ စိတ်ညစ်နေရင် ငါ့ထက်ဆိုးတဲ့သူတွေဆိုဘယ်လိုလုပ်မလဲတွေးကြည့်ကြည့်ပါ။
ခုလို social media တွေ marketing တွေရဲ့ လှည့်ကွက်တွေကြောင့် မရှိရင် ပြဿနာတို့ထင်ရာကနေ လောဘ ဒေါသ မောဟ တွေပိုများလာစေတယ်။ အာရုံကိုထွေပြားစေတယ်။ ဆုံးဖြတ်ချက်တွေများစေတယ်။ ဒါကြောင့်မို့ ကျနော်တို့တွေ
သူများတွေနဲ့ နှိုင်းယှဉ်တာတွေလျော့ဖို့လိုတယ် - အထူးသဖြင့် social media တွေအရမ်းသုံးတာလျော့ရမယ်။ ကိုယ့်ကိုယ်ကို အချိန်ပေးပြီးတော့ ကိုယ်ဘာလိုချင်လဲဆိုတာကိုသေချာသိအောင်လုပ်ဖို့အတွက် အချိန်ပိုပေးရမယ်။ ဒါမှ သူများတွေက မင်းဒါလိုလောက်တယ် ဒါလုပ်သင့်တယ်ပြောတာတွေကိုနားမယောင်မိတော့မှာ
ကိုယ့်ကိုယ်ပြန်သုံးသပ်ဖို့အချိန်ပေးရမယ် - အခုချက်ချင်း emotion ပေါ်မူတည်ပြီး ချကွာလုပ်ကွာဆိုတဲ့ စိတ်ကိုတတ်နိုင်သလောက်ထိန်းပြီးတော့ ကိုယ့်ကိုယ်ကို မေးခွန်းတွေပြန်မေးရမယ်။ ဒါက တကယ်ရောလိုသလား? ငါ့မှာရှိနေပြီးသားအရာတွေနဲ့ အဆင်ပြေအောင်လုပ်လို့ရသလား? ဒါကိုစစ်ဆေးကြည့်နေဖို့ မေးခွန်းထုတ်နေဖို့လိုတယ်။
ဘယ်အမှားကနေမဆို ကောင်းကွက်နဲ့ သင်ခန်းစာယူတတ်ဖို့လိုတယ် - အားစိုက်ထုတ်လိုက်လို့ ဆုံးရှုံးသွာတယ်လို့မရှိဘူး။ တလွဲနေရာမှာ ကြိုးစားအားထုတ်လိုက်မိရင် အလုပ်မဖြစ်စေတဲ့ နည်းတစ်နည်းသိလာတယ်လို့ယူတတ်တယ်ဆိုရင် အဆင်ပြေတယ်။
သူများအဆင်ပြေနေတိုင်းကိုယ်ကျရှုံးနေတာမဟုတ်ဘူး - ကိုယ့်ထက်ပိုရှိ ပိုလှ ပိုပြည့်စုံနေတိုင်း ကိုယ်က အရှုံးသမားလို့ခံယူနေတာ ငါလဲသူလိုချောမှ သူရှိတာတွေရှိမှ သူလုပ်တာတွေလုပ်နိုင်မှ အောင်မြင်မယ်ဆိုရင် တကယ်အဲ့ဒါတွေရလာခဲ့ရင်တောင် ဘာမှမဟုတ်ဘူးဆိုတာသိလာလိမ့်မယ်။ ဘာလို့လဲဆိုတော့ အစထဲက သူ့များရှိလို့ရှိချင်တာပဲဖြစ်ပဲဲဖြစ်ပြီးတော့ ကိုယ်တကယ်လိုချင်တာမဟုတ်နေလို့ပဲ။
သတိဆိုတာလွတ်သွားတတ်တဲ့သဘောမှာရှိတယ် တတ်နိုင်ဆုံးအမြန်ပြန်ဖမ်းနိုင်တယ်ဆိုရင် ကျနော်တို့တွေ အမှားတွေလုပ်နိုင်တဲ့ ရာခိုင်နှုန်းနဲလာလိမ့်မယ်။
အမှားနဲလာတာနဲ့အမျှ အမှန်များလာပြီးတော့ ဘဝကြီးက ပိုကောင်းလာဖို့ပဲရှိတာမို့။ လွတ်သွားတတ်တဲ့ သတိလေးကို အမြန်ကပ်ရင်း ပြဿမဟုတ်တဲ့ ပြဿနာတွေကို ယူဆောင်ပြီး စိတ်ညစ်မခံဖို့ ကျနော့ရဲ့ experience လေးကနေ သင်ခန်းစာယူလိုက်ပါခင်ဗျာ။
စေတနာများစွာဖြင့်
ပြဿနာကို ကိုယ့်ဘာသာရှာမိပြီး အဲ့လိုဖြစ်တဲ့စိတ်ကို လုပ်ပြီးမှသတိကပ်တော့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်ပိုကြီးလာတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းတစ်ခုခုလိုချင်လာတာ၊ ဝယ်ချင်လာတာဆို အချိန် ၁ ရက်လောက်ခြားပြီး သေချာစဉ်းစားကြည့်ပြီးမှဘဲ (တကယ်ရောလိုအပ်ရဲ့လားပေါ့) ဝယ်ဖြစ်၊ လုပ်ဖြစ်တော့တယ်။ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို Grooming လုပ်ရတာကို Selfish ဖြစ်တယ်လို့ ခံစားရတာလည်းဖြစ်မိတယ်။
ကိုလပြည့်ရဲ့စာကိုဖတ်လိုက်ရပြီးကိုယ့်ရဲ့စိတ်တွေကိုထိန်းချုပ်နိုင်ခဲ့တယ်ကျေးဇူးပါကိုလပြည့်ရေ